အိမ်ယာမဲ့ အဖြစ် နှစ်ပေါင်း (၃၀) ကျော်နေထိုင်ရင်း ခိုစာ ရောင်းနေသူ

ရေဗန် နိုဝင်ဘာ ၂၄။၂၀၁၈။

 

သူဟာ တနေကုန်ဈေးရောင်းပြီး ညဖက်ဆို သင်္ကန်းတိုက်ရှေ့မှာ သူငယ်ချင်းတွေနဲ့ တူတူအိပ်လေ့ရှိပါတယ်။ လမ်းဘေးမှာအိပ်ရတာက လွတ်လပ်လို့ အိမ်နဲ့ဆိုရင် မနေတတ်ဘူးလို့ ပြောပါသေးတယ်။

လူသားတိုင်းရဲ့ အိပ်မက်က ကိုယ်ပိုင်ဆိုင်တဲ့ အိမ်တလုံးရှိချင်ကြတာပါပဲ။ ဒါကြောင့်လည်း ငယ်စဉ်ထဲက အလုပ်လုပ်ကြ၊ ပညာ သင်ကြ ပိုက်ဆံရှာရင်း အတည်တကျဖြစ်ဖို့ ကြိုးစားလေ့ရှိကြပါတယ်။ လူသာမန်တွေလို မဟုတ်ဘဲ ကိုယ်ပိုင်ဆိုင်တာဆိုလို့ ဈေးဆိုင်လေး တခုသာ ရှိပေမယ့် အမြဲပြုံးပြီး ကိုယ့်လောက် အဆင်မပြေသူတွေကို ကူညီနေတာဟာ အံ့သြစရာပါ။

IMG_0712[1]

သူဘယ်သူလဲ

သူကတော့ ရွှေတိဂုံဘုရား အရှေ့ဖက်မုခ်မှာ ခိုစာ ရောင်းချတဲ့ အသက် (၆၂) အရွယ် ဒေါ်ပြုံးဖြစ်ပါတယ်။ ဆန်ရောင်းပြီး အသက်မွေးဝမ်းကြောင်း ပြုခဲ့တဲ့ သူဟာ ငွေကြေးအဆင်မပြေမှုတွေ ဖြစ်ပြီး ဆန်ဆိုင် ပြုတ်သွားပြီး နောက် လမ်းဘေးမှာ စတင် ဈေးရောင်းချခဲ့ပါတယ်။

 

အိမ်ထောင် ၂ခါကျခဲ့ဖူးတဲ့ သူဟာ စီးပွားပျက်ပြီးနောက်မှာ လွှတ်ငါး ရောင်းခဲ့ပေမယ့် ရေကန်အတွင်း ငါးအသေးတွေကို လွှတ်တဲ့ အခါ ငါးအကြီးတွေက ပြန်လည်စားသောက်တာကို တွေ့ပြီးနောက် လိပ်ပြာမသန့်သလို ခံစားခဲ့ရလို့ ငါးရောင်းခြင်းကို စွန့်လွှတ်ခဲ့ပြန်ပါတယ်။ သားနှစ်ယောက် ထွန်းကားခဲ့တဲ့ သူဟာ  အိမ်ထောင်ကျပြီး ဖြစ်တဲ့ သားတွေနဲ့ အတူတူမနေဘဲ ဈေးရောင်းတဲ့ နေရာတဲ့ ခပ်လှမ်းလှမ်းက သင်္ကန်းတိုက်တခုရဲ့ မျက်နှာစာမှာ အိပ်လေ့ရှိပါတယ်။ မနက် ၅ နာရီမှာ အိပ်ယာထ ကိုယ်လက်သန့်စင်ခြင်းတွေကို အများသုံး အိမ်သာတွေမှာ ပြုလုပ်ပြီး ရွှေတိဂုံဘုရားမှာ နေ့တိုင်း ဘုရားဝတ်ပြုပါသေးတယ်။ မနက် ၉နာရီမှာ ခိုစာရောင်းချခြင်းလုပ်ငန်းကို စတင်ပြီး ညနေ ၅နာရီမှာ ဆိုင်ပိတ်ပါတယ်။ ဒုတိယအိမ်ထောင်ကတော့ နေရပ်ကို ပြန်သွားပေမယ့် သူမက ရန်ကုန်သူ ဖြစ်နေလို့ ရန်ကုန်မြို့က မခွာချင်ဘူးလို့ ရင်ဖွင့်ပါသေးတယ်။

စားဝတ်နေရေး အခက်အခဲက ဘာတွေလဲ

မနက် ငါးနာရီမှာ ဘုရားဝတ်ပြုပြီး တနေကုန်ဈေးရောင်းတဲ့ သူဟာ ကိုယ်ပိုင်အိမ်မရှိတာကြောင့် လမ်းဘေးဆိုင်တွေမှာ ထမင်း ဝယ်စားပါတယ်။ ငါးရာဖိုးလောက် ဟင်းဝယ်ရင် တနေကုန်စားဖို့ လောက်ငှပြီး သူရဲ့ တနေ့တာ ဝင်ငွေက ၈ထောင်ကနေ တသောင်းထိ ရှိပါတယ်။ နောက်နေ့အတွက် အရင်းချန်တာတွေနဲ့ ဆိုရင် အမြတ်ငါးထောင်လောက်ကျန်ပေမယ့် သူဟာ အလှူအတန်း ရက်ရောလွန်းတာကြောင့် စုမိဆောင်းမိ သိပ်မရှိဘူးလို့ ပြောပါတယ်။ အားနာတတ်တဲ့ သူရဲ့ အကျင့်ကြောင့် ပိုင်ဆိုင်မှုတွေ တော်တော်များများကို ဆုံးရှုံးခဲ့ရပါတယ်။ လက်ရှိမှာ သူရဲ့ နေ့စဉ်အလှူက ခွေးသုံးကောင်ကို ထမင်းကျွေးခြင်း၊ သူနဲ့ အတူနေထိုင်တဲ့ အိမ်ယာမဲ့ အဖော်အမျိုးသမီးကို နေ့စဉ်ထမင်းကျွေးလေ့ရှိပါတယ်။ ဒီလို လှူရတဲ့ အတွက်လည်း အလွန်ပျော်တယ်လို့ ဆိုပါတယ်။

 

သူဟာ အိမ်ယာမဲ့ အဖြစ် နေထိုင်တာ နှစ်ပေါင်း ၃၀ ကျော် နေထိုင်ခဲ့တာ ဖြစ်လို့ အခု ခိုစာရောင်းချတဲ့ လုပ်ငန်း လုပ်ကိုင်ချိန်မှာ ငွေအရင်းကို ချေးခဲ့ရတယ်လို့ ပြောပါတယ်။ ဗုဒ္ဓဘာသာဖြစ်တဲ့ သူဟာ အခါကြီး ရက်ကြီးတွေမှာ အလှူအတန်းလုပ်ချင်လို့ ချေးခဲ့ဖူးတဲ့ ပိုက်ဆံတွေကို အခုထိ ဆပ်နေရဆဲ ဖြစ်ပါတယ်။ သူအဓိက ရောင်းချတဲ့ ပြောင်းဖူးစေ့နဲ့ ပဲစေ့တွေကို ဗဟန်းဈေးမှ နေ့စဉ်ယူပြီး ရောင်းချတယ်လို့ ဆိုပါတယ်။ ဒီလို ရောင်းချတဲ့ အခါ ပဲစေ့က ရေစိမ်ရင် ပွားလာတာကြောင့် ပဲစေ့ကို ပိုမိုရောင်းချပါတယ်။

IMG_0628[1]IMG_0629[1]

 

 

ဘာကြောင့် အိမ်ယာမဲ့ ဖြစ်ခဲ့တာလဲ

အပျိုဘဝမှာ ကင်ဆာဖြစ်တဲ့ မိခင်ကို ငွေချေးပြီး ဆေးကုပေးရင်းက အကြွေးမဆပ်နိုင်တော့တာကြောင့် အိမ်ကို ရောင်းချခဲ့ရပါတယ်။ ပထမအိမ်ထောင်နဲ့ နေထိုင်စဉ် အိမ်ငှားနေထိုင်ခဲ့ပြီး ခင်ပွန်းကွယ်လွန်ပီးနောက်မှာတော့ အိမ်ယာမဲ့ အဖြစ်သာ နေထိုင်ခဲ့ရင်း ရဲဖြစ်သူ ဒုတိယအိမ်ထောင်နဲ့ အကြောင်းပါခဲ့ပါတယ်။ ဒုတိယခင်ပွန်း နေရပ်ပြန်ချိန်မှာ လိုက်သွားခြင်းမရှိဘဲ ခိုစာကိုသာ ဆက်လက်ရောင်းချနေထိုင်ခဲ့ပါတယ်။ အိမ်ယာမဲ့ အဖြစ်နေထိုင်ရလို့ ရှက်ခြင်း၊သိမ်ငယ်ခြင်း ဖြစ်တာတွေကို မတွေ့ရဘဲ ပြုံးပြုံးရွှင်ရွှင်အမြဲနေတတ်လို့ သူရဲ့ နာမည်ဟာ သူနဲ့ ကိုက်ညီလွန်းတာကို အံ့သြဖွယ် တွေ့မြင်ရပါသေးတယ်။

လမ်းဘေးဈေးသည် ဖြစ်တာကြောင့် စည်ပင်သာယာဝန်ထမ်းတွေ လာရောက် ဖမ်းဆီးတာတွေ ကိုလည်း ကြုံရပါသေးတယ်။ သူက တနိုင်တပိုင်သာ ရောင်းချသူဖြစ်တာကြောင့် ပစ္စည်းအသိမ်းမခံရပေမယ့် ဈေးရောင်းချိန် ကန့်သတ်မှုတွေ ရှိလာပါတယ်။ မနက်စောစောဟာ ဈေးရောင်းကောင်းတဲ့ အချိန်တွေမှာ မရောင်းရဘဲ မနက် ၉ နာရီမှသာ ရောင်းရတာကြောင့် ဝင်ငွေတော့ နည်းသွားတယ်လို့  ဆိုပါတယ်။

IMG_0710[1]IMG_0586[1]

 

လိုချင်တပ်မက်မှုနည်းလွန်းသူ

အသက်အရွယ်ကြီးမြင့်နေပြီ ဖြစ်လို့  နေအိမ်တလုံးလိုအပ်နေဟန်တူနေပေမယ့် သူကတော့ သူရဲ့ လက်ရှိဘဝကို ကျေနပ်နေတယ်လို့ ဆိုပါတယ်။ စကားပြောရာမှ နိမ့်ချပြောဆိုလေ့ရှိတဲ့ သူက လူ့လောကမှာ အလွန်ဆုံးနေရရင် သုံးနှစ်၊လေးနှစ်လောက်သာ ဖြစ်လို့ အခုလုပ်နေတဲ့ ကုသိုလ်လည်းရ ဝမ်းလည်းဝပြီး စားသောက်ဖို့ လုံလောက်နေတာကြောင့် အိမ်ယာမဲ့ ဘဝနဲ့ပဲ နေထိုင်တော့မယ်လို့ ခပ်ဝေးဝေးကို ငေးရင်း ဖြေဆိုခဲ့ပါတယ်။

 

 

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s